The Kumudra Journal

အင်ဂျင်ဝိုင် မီးနီလင်းလာရင့် ……

ရန်ကုန်၊ ဇန်နဝါရီ ၈ – အင်ဂျင်ဝိုင်ဖိအားနည်းaနရင် ကားရဲ့ ဒက်ခ်ျဘုတ်ပေါ်က အင်ဂျင်ဝိုင်နဲ့ပတ်သက်တဲ့ မီးနီလေးလင်းလာပါမယ်။ အဲသည်လိုအင်ဂျင်ဝိုင်အချက်ပြ မီးနီလင်းလာပြီဆိုရင် ကားကိုချက်ချင်းရပ်ပြီး စက်သတ် လိုက်ရမှာဖြစ်ပါတယ်။ အင်ဂျင်ဝိုင်ပမာဏနည်းတာကြောင့် မီးနီလင်းလာတာဖြစ်ပြီး အင်ဂျင်အတွင်းပိုင်းပေါက်ကွဲခန်းကနေ လည်ပတ်တဲ့ အစိတ်အပိုင်းတွေထဲမှာ ချောဆီအဖြစ်သွားလာနေတဲ့ အင်ဂျင်ဝိုင် လုံလောက်အောင် မရှိတော့ဘူးဆိုတာကို ညွှန်ပြနေတာပါ။ အဲဒါကို ဂရုမပြုဘဲအင်ဂျင်ကိုဆက်ပြီး လည်ပတ်စေမယ်ဆိုရင်တော့ အင်ဂျင် အတွင်းပိုင်းအစိတ် အပိုင်းတွေစားသွားနိုင်ပါတယ်။ အင်ဂျင်အတွင်းခန်း အင်ဂျင်ဝိုင်ဖိအားကို oil pump က စောင့်ကြည့်နေပြီး သူကပဲ အင်ဂျင်ရဲ့လိုအပ်တဲ့အပိုင်းတွေကို ဆီလုံလောက်အောင်ပို့ပေးတာဖြစ်ပါတယ်။ အင်ဂျင်ဝိုင်နည်းလာပြီဆိုရင် မီးနီပြ ဖို့ကို oil pump ကနေဆောင်ရွက်ပါတယ်။
အင်ဂျင်ဝိုင်မီးနီလင်းလာလို့ ကားကိုစက်ရပ်ပြီးတာနဲ့ အရင်ဆုံး အင်ဂျင်ဝိုင်လယ်ဗယ်ကိုတိုင်းကြည့်ရပါမယ်။ သတ် မှတ်ပမာဏရှိမရှိ စစ်ဆေးရပါမယ်။ ဖြည့်ထားတာမကြာသေးဘဲ အင်ဂျင်ဝိုင်က လျော့နေရင်တော့ အင်ဂျင်ချောဆီ ပို့ စနစ်နဲ့ အင်ဂျင်ကိုယ်ထည်ပိုင်းမှာ ဆီယိုစိမ့်တာဖြစ်နိုင်ပါတယ်။ အင်ဂျင်အောက်ဘက်မှာ ဆီယိုကျတာရှိမရှိ၊ အင်ဂျင်ကိုယ်ထည်က ဆီစိမ့်နေတာရှိမရှိစစ်ဆေးရပါမယ်။ Vacuum မကောင်းတာလည်းဖြစ်တတ်ပါတယ်။ pump ပါတဲ့ မော်ဒယ်တွေဆိုရင် block မှာ အင်ဂျင်ဝိုင်အဝင်အထွက် ပိုက်ရှိပါတယ်။ ပိုက်ကွဲတာ၊ ဆီယိုစိမ့်တာ ရှိ၊ မရှိ စစ်ဆေးရပါမယ်။
အင်ဂျင် block အောက်ဘက်မှာ oil pan လို့ခေါ်တဲ့ အင်ဂျင်ဝိုင်ခံခွက်ထိုင်ထားပါတယ်။ အောက်ဘက်ခြမ်းထိခိုက်မှု တစ်ခုခုကြောင့် အဲသည် oil pan ကွဲတတ်ပါတယ်။ အဓိကကတော့ အင်ဂျင်ဝိုင်မီးနီပြလာရင် နီးစပ်ရာကား ဝပ်ရှော့ပ်ကို ဆွဲသွားတာက အကောင်းဆုံးဖြစ်ပါတယ်။
အချက်အလက်တွေကို အမှတ်(၁၉/၂၀)ဗဟိုလမ်းမကြီး၊ နာနတ်တော ခုံးကျော်နဲ့လှည်းတန်းခုံးကျော်ကြား ကမာရွတ်မြို့နယ်မှာဖွင့်လှစ်ထားတဲ့ အမ်သုံးလုံး ကားအရောင်းစင်တာက ပံ့ပိုးကူညီပါတယ်။

Author – အောင်ထွန်းဦး