စလစ်ဈေး တစ်လအတွင်း ကျပ် ခုနစ်သိန်း ကျဆင်း

ရန်ကုန်၊ ဇန်နဝါရီ ၉ – ပြီးခဲ့တဲ့လက အမည်ပေါက်စလစ်ဈေး ကျပ် ၁၁၇ သိန်းဝန်းကျင်မှာငြိမ်နေခဲ့ပြီး လက်ရှိမှာအမည်ပေါက် စလစ်ဈေး ကျပ်သိန်း ၁၁၀ အထိကျဆင်းပါတယ်။ သီရိမင်္ဂလာ ကားရောင်းဝယ်ရေးစခန်းက ဝါရင့်ဝယ်ရောင်း ဦးချစ်တိုးက စလစ်ကပ်ကားတွေအရောင်းအဝယ်ပါးပြီး တင်သွင်းတာလဲ နည်းပါးလာတဲ့အတွက် စလစ်လိုအပ်ချက်နည်းလာတယ်၊ ဖရီးပါမစ်ကား စုဆောင်းကြတာများပြီး စလစ်အရောင်းအဝယ်ပါးနေတာ ကြောင့်လဲ စလစ်ဈေးက ကျဆင်းလာတယ်လို့ ပြောတယ်။
မူလကတည်းက ဈေးနှုန်းမြင့်တဲ့ စလစ်ကပ်ကားတွေက ကျပ်သိန်း ၂၀ဝ နဲ့ ၃၀ဝ ကြားပဲ အရောင်းအဝယ်ဖြစ်တာများပါတယ်။ ကျပ်သိန်း ၄၀ဝ အထက်ကားတွေက အရောင်းအဝယ်နည်းပါးတယ်။ လက်ရှိမှာ အဲသည်ကားအမျိုး အစားတွေပါလိုက်ပြီး ဈေးမြင့်သွားတော့ အရောင်းအဝယ်အေးသွားတယ်။ ကားအသစ်တင်သွင်းတာထက် ကားဟောင်းပြန်ဝယ်ရောင်းတာတွေများလာတော့ စလစ်လိုအပ်ချက် နည်းသွားတယ်။
၂၀၁၅ ကွန်ဆိုင်းမန့်တွေကို သက်တမ်း ခြောက်လတိုးပေးလိုက်တာရယ်၊ ၁၉၉၅ မော်ဒယ်သက်တမ်း နှစ် ၂၀ စလစ်အပ်ကားတွေ ထပ်တိုးလာတာရယ်ကြောင့်လည်း စလစ်ဈေးက တစ်စတစ်စကျဆင်းလာတာဖြစ်တယ်။
၁၉၉၅ မော်ဒယ်အောက် ယာဉ်လိုင်းဘတ်စ်တွေ ရန်ကုန်မြို့တွင်းပြေးဆွဲခွင့်မပြုတော့ရင် ဘတ်စ်စလစ်တွေလည်း ထပ်တိုးလာစရာ ရှိနေပါတယ်။ အရေအတွက် နည်းနေသေးပေမဲ့ ယာဉ်အိုယာဉ်ဟောင်း ဘတ်စ်စလစ်တွေလည်း တစ်စ တစ်စ ဈေးကွက်ထဲရောက် လာနေတယ်။
မှတ်ပုံတင်သက်တမ်း ၁၀ နှစ်ကျော် စက်မှုဇုန်ထုတ်စလစ်အပ်ကားတွေ သက်တမ်းလျှော့အပ်နှံခွင့်ပြုရင်လည်း အိမ်စီးကားတင်သွင်းခွင့် ရှိတဲ့ စလစ်တွေဝင်ရောက်လာနိုင်ပါတယ်။ အဲဒါကြောင့် စလစ်အပ်ကားနဲ့ အမည်ပေါက်စလစ် ထုတ်ရောင်းတဲ့သူများလာပြီးစလစ်ဈေး ကျဆင်းနေပါတယ်။

Author –  အောင်ထွန်းဦး