The Kumudra Journal

ကားဈေးတွေ အမြင့်ဆုံး အထိတက်၊ ဈေးကွက် ရပ်တန့်

အင်ဂျင်ပါဝါမြင့် စလစ်ကပ်ကားတွေ တင်သွင်းတာ လျော့ကျလာတဲ့အတွက်လည်း စလစ်လိုအပ်ချက် နည်းလာပါတယ်။
ရန်ကုန်၊ ဇန်နဝါရီ ၇ – နှစ်ကူးကာလမှာ ကားဈေးနှုန်းတွေအမြင့်ဆုံးအထိတက်ခဲ့လို အရောင်းအဝယ်အေးစက်ပြီး ကားဈေးကွက် ရပ်တန့်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ကားဈေးတွေထောက်လျှောက်မြင့်တက်လာခဲ့တယ်၊ ပွိုင့်သရီးတွေက ကျပ်သိန်း ၅၀ လောက်မြင့်တက်တယ်၊ စလစ်ကပ်တွေကလဲ ကျပ် သိန်း ၄၀ ဝန်းကျင်အထိ နောက်က လိုက်တက်တယ်၊ ဈေးနှုန်းတွေအမြင့်ဆုံးရောက်လာတဲ့အခါ ဝယ်လက်တွေ  လက်တွန့်ပြီး အရောင်းအဝယ် ကအေးသွားတယ်လို့ သီရိမင်္ဂလာ ကားရောင်းဝယ်ရေးစခန်းက ဝါရင့်ဝယ်ရောင်း ကိုသန်းဆွေဝင်းက ပြောပါတယ်။
ဈေးကွက်ကျဉ်းမြောင်း
ကားဈေးနှုန်းတွေ မြင့်တက်သလို ဂျပန်ကားတင်သွင်းတဲ့ တစ်နိုင်တစ်ပိုင်တွေရဲ့ ဈေးကွက်ကလည်းအဆုံးသတ်တော့မှာဖြစ်တယ်။ နောက် ထပ်တင်သွင်းလို့မရတဲ့ ကားမော်ဒယ်တွေကိုစုဆောင်းထားပြီး ဘယ်လောက် အထိဈေးမြင့်ထားနိုင်မလဲဆိုတာကလည်း ဝယ်သူတွေဘက်က  ကြည့်တဲ့အနေအထားတွေဖြစ်လာတာပါ။ ဝယ်ရောင်းတွေဘက်ကလည်း အခုနှစ်မှာတင်သွင်းခွင့်ရှိတဲ့ ပွိုင့်သရီးတွေ ကို ၂၀၁၅ ၊ ၂၀၁၆၊ ၂၀၁၇ မော်ဒယ်ဘယ် လောက်များများ တင်သွင်းနိုင်မလဲဆိုတာကလည်း စိန်ခေါ်မှုတစ်ခုဖြစ်လာတယ်။ အဲသည်တင်သွင်းလာတဲ့ကား တွေက ပြည်တွင်းကထုတ်လုပ်တဲ့ ကားတွေနဲ့ဈေးကွက်ယှဉ်ပြိုင်ရမှာဖြစ်နေတယ်။ လက်ရှိကားမူဝါဒတွေအရ ကားအရောင်းစင်တာနဲ့ ဘရင်းနယူးကားအရောင်းပြခန်း ပိုင်ရှင်တွေကအားသာချက်ရရှိထားကြတာဖြစ်တယ်။
ကားဝယ်ရောင်းတွေအနေနဲ့လည်း ကားအရောင်းစင်တာကြီးတွေပိုင်ဆိုင်မထားလို့ အဲသည်အတွက်အခွန်မဆောင်ရပေမဲ့ ကိုယ်တင်သွင်းတဲ့ ကားတွေအတွက် အခွန်အပြည့်အဝဆောင်ပြီးမှ အရောင်းအဝယ်ပြုလုပ်ကြရတာဖြစ် တယ်။ ရှိုးရွမ်းသမားတွေ အခွန်ထမ်းရတာမှန်ပေမဲ့ ကွန်ဆိုင်းမန့် ရှိုးရွမ်းပါမစ်တွေ ကျပ်သိန်း၂၀ ဝန်းကျင်အထိရောင်းစားနိုင်တဲ့ အခွင့်အရေးရကြတာပါပဲ။ အဲသည် ရှိုးရွမ်းပါမစ်ဝယ်ပြီး တစ်စီးချင်း ရောင်းနေရတာက တစ်နိုင်တစ်ပိုင် ဝယ်ရောင်းတွေပဲဖြစ်တယ်။ တစ်ဦးချင်းပါမစ်နဲ့ တစ်နိုင်တစ်ပိုင်တွေကားတင်သွင်းခွင့်မရှိတော့ ဘဲ ရှိုးရွမ်းတွေသာတင်သွင်းခွင့်ပြုတာကတော့ တစ်ပိုင်တစ်နိုင်ကားဝယ်ရောင်းတွေရဲ့ ဈေးကွက်ကိုပိတ်ပင်လိုက်သလိုဖြစ်နေတယ်လို့ သိရတယ်။
စလစ်ကပ်ကားတွေကိုလည်း ၂၀၁၁ မော်ဒယ်က စတင်သွင်းခွင့်ရှိနေပေမဲ့ တစ်နိုင်တစ်ပိုင်ဝယ်ရောင်းတွေအနေနဲ့ ကားအစီးရေများများ တင်သွင်းနိုင်တဲ့ အခွင့်အလမ်းနည်းသွားစေပါတယ်။ စလစ်ကပ်ကားတစ်စီးချင်းရဲ့ တန်ဖိုးကမြင့်မားသွားလို့ဖြစ်တယ်။
လက်ရှိတင်သွင်းထားတဲ့ ကားတွေရောင်းလို့ကုန်ပြီး အသစ်မတင်သွင်းနိုင်တဲ့ ကားဝယ်ရောင်းတွေ တစ်စစနဲ့ပျောက်ကွယ်သွားဖို့ပဲရှိပါတယ်။
စလစ်ဈေးကျဆင်း
တန်ဖိုးမြင့်မားတဲ့ ၂၀၁၁ မော်ဒယ်အထက် အင်ဂျင်ပါဝါမြင့် စလစ်ကပ်ကားတွေတင်သွင်းတာ လျော့ကျလာတဲ့အတွက်လည်း စလစ်လို အပ်ချက်နည်းလာပါတယ်။ ကွန်ဆိုင်းမန့်နဲ့တင်သွင်းထားတဲ့ ကားတွေစလစ်ကပ်ဖို့ကို အချိန်ခြောက်လတိုးပေးလိုက်တဲ့အတွက်စလစ်ကပ်ဖို့ အ ချိန်ရသွားပြီး စလစ်လိုအပ်ချက်နည်းလာတယ်။ ၁၉၉၇ မော်ဒယ်သက်တမ်းနှစ် ၂၀ ပြည့်စလစ်အပ်ကားတွေ အပ်နှံ့ခွင့်ရလာတဲ့အတွက်လည်း စလစ်အပ်ကား အရေ အတွက်တိုးလာပါတယ်။ သည်ကြားထဲ မှတ်ပုံတင်သက်တမ်းဆယ်နှစ်ကျော် စက်မှုဇုန်ထုတ် စလစ်ကပ်ကားတွေ ကို သက်တမ်းလျှော့အပ်နှံလဲလှယ်ခွင့်ပြုမယ်လို့ သတင်းတွေထွက်လာတဲ့အတွက် အမည်ပေါက်စလစ်တစ်စောင် ရဲ့ ဈေးက ကျပ် ၁၁၂ သိန်းဝန်းကျင်အထိကျဆင်းလာပါတယ်။ စလစ်ဈေးကျဆင်းလာပေမဲ့လည်း အသစ်တင်သွင်းရမယ့် စလစ်ကပ်ကားတွေက မော်ဒယ်မြင့်နေ တဲ့ အတွက် ဈေးနှုန်းကမြင့်မားနေတာကြောင့်တင်သွင်းတဲ့သူ လျော့နည်းလာနေတာဖြစ်တယ်။ အဲဒါကြောင့် စလစ်ဈေးနှုန်းတွေကသည် ထက်  ပိုကျဆင်းလာနိုင်တယ်လို့ ကားတင်သွင်းရောင်းချသူတွေက သုံးသပ်ပါတယ်။

Author – အောင်ထွန်းဦး