အချစ်ရေးကို နောက်မှာထားပြီး မိခင်အတွက် ကြိုးစားသွားမယ့် အဆိုတော်ရွှေထူး

 ရန်ကုန်-ဒီဇင်ဘာ ၃ရက် အချစ်ရေးကို နောက်မှာထားထားတယ်ဆိုတဲ့ အဆိုတော် ရွှေထူးက ယခု ၂၀၁၇ ခုနှစ်အတွင်းမှာ လိုအပ်ချက်တွေကို ပြင်ဆင်သွားဖို့ရှိသလို လေ့လာစရာရှိတာတွေကိုလည်း အချိန်ပေးလေ့လာသွားမယ်လို့ ဆိုပါတယ်။ ကိုယ့်ကို ကိုယ်ကျေနပ်အားရမူ မရှိသေးဘူးဆိုတဲ့ ရွှေထူးက “၂၀၁၇ မှာတော့ ကျွန်တော့်စိတ်ကိုတတ် နိုင်သလောက်ငြိမ်အောင်ထိန်းသွားမယ်။

တချို့ ကျွန်တော့်ကိုယ် ကျွန်တော်တောင် ပြန်မကြိုက်တဲ့ အချက်လေးတွေကို ကျွန်တော်ပြင်ဆင်သွားပါမယ်။ အခုချိန်မှာ အောင်မြင်တယ်၊ မအောင်မြင်ဘူး ဆိုတာတော့ ကျွန်တော် အခုချိန်ထိ မသိသေးပါဘူး။ကျွန်တော့်အတွက်ကတော့ အခုချိန်ထိ ကျွန်တော့်ကိုယ်ကျွန်တော် အားကိုမရသေး ပါဘူး။ ကျွန်တော့်ကိုယ် ကျွန်တော် အများကြီးလိုသေးတယ်လို့ ထင်ပါတယ်။

သူများအမြင်တော့ မသိဘူး။ကျွန်တော်ကိုယ်တိုင်တော့ မကျေနပ်သေးဘူး” လို့ ပြောပါတယ်။

သူက ဆက်ပြီး “၂၀၁၇ မှာအများကြီးပေါ့နော်။ အင်စတူမန်တယ် တီးတဲ့အပိုင်းလေးတွေကျွမ်းကျွမ်းကျင်ကျင် ပိုင်နိုင်စွာတီးတတ်အောင် လေ့လာမယ်။ကြိုးစားမယ်။အင်္ဂလိပ်စာပိုင်းဆိုလည်း ကျွန်တော်အားနည်း တယ်။

အဲဒီတော့ အင်္ဂလိပ်စာတွေလည်းသင်မယ်။ပြီးတော့ ဘော်ဒီ structure ကလည်း ကျွန်တော်ကလူကောင် ကြီးတာသာရှိတာ။

နည်းနည်းပိန်သေးတော့ ဘော်ဒီလေးထွက်လာအောင် ကျွန်တော် tryမယ်။သီချင်းပိုင်းလေး တွေလည်း ပိုပြီးကောင်းလာအောင် နိုင်ငံခြားသီချင်းလေးတွေ များများနားထောင်နေတယ်” လို့ ပြင်ဆင်မယ့်အပိုင်းနဲ့ ပတ်သတ်ပြီးရှင်းပြပါတယ်။ လတ်တလောမှာတော့ ရွှေထူးက နယ်ရိုးတွေဆိုဖြစ်နေပြီး စိတ်ကူးယဉ်စာအုပ် Mtv ထွက်ရှိဖို့ လုံးပမ်းနေသလို သူ့ရဲ့ second album အတွက်လည်းသီချင်းတွေစုနေပြီလို့ သိရပါတယ်။

“သီချင်းတွေ ကတော့ ၅ပုဒ်လောက်ပဲ ပြီးသေးတယ်။second album ကတော့ကြာဦးမှာပါ။ ကျွန်တော် စိတ်ကျေနပ်တဲ့အထိ ကျွန်တော်ကိုယ်တိုင်အားရပြီဆိုတော့မှ ထုတ်မှာပါ။

သီချင်းအမျိုးအစားတွေကတော့ အရင်တုန်းကဆိုနေကျ ပေါ့ပ်ပုံစံလေးတွေလည်းပါမယ်။အချစ်သီချင်း အေးအေးလေးတွေလည်းပါမယ်။R &B အထာလေးတွေရော၊နောက်ပြီးတော့ နည်းနည်းမြူးမြူးကြွကြွနဲ့ဟစ်ပ်ဟော့ဆန်တာလေးတွေ လည်းပါတာပေါ့။

စိတ်ကူးယဉ်စာအုပ် Mtv ကနှစ်လပိုင်းထဲမှာထွက်ဖြစ်မှာပါ။ထွက်လာရင်တော့ကြည့်ပေးပါ။

ကျွန်တော်တို့ သရုပ်ဆောင်ထားတာလေးတွေပေါ့။

ကျွန်တော်ကိုယ်တိုင် မင်းသားများပါတယ်။မကြည့်ချင်လည်း သည်းခံပြီး ကြည့်ပေးပါ။ထွက်လာရင်အားပေးကြပါ။ ဝေဖန်ပေးပါ။

ကျွန်တော့်ရဲ့ သရုပ်ဆောင်များတဲ့ အ ပေါ်မှာပေါ့နော်။” လို့ ရွှေထူးက ပြောပါတယ်။

စိတ်ကူးယဉ်စာအုပ် Mtv မှာပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ မေမြင့်မိုရ် ၊ ခင်အင်ကြင်း ကျော်၊ နှင်းနဒီချို ၊ ဂျူးဂျူးသစ္စာ၊ သံစဉ်သစ္စာ စတဲ့ မော်ဒယ်တွေကပါဝင်ကူညီပေးထားကြတယ်လို့ သိရတယ်။

လတ်တလောအချစ်ရေးကို နောက်မှာ ထားထားတယ်ဆိုတဲ့ ရွှေထူးက မိခင်အတွက်လည်း ကြိုးစားသွားဖို့ရှိသလို မျိုးဆက်သစ်လူငယ်တွေကိုလည်း တတ်နိုင်သလောက်လက်တွဲခေါ်ယူသွားမယ်လို့ဆိုပါ တယ်။

“လောလောဆယ် အချစ်ရေးကိုတော့ နောက်မှာပဲ ထားထားပါတယ်။

ဘာကြောင့်လဲဆို ကျွန်တော် ပရိသတ်ကို ဖျော်ဖြေရဦးမယ်။ကျွန်တော်ကို ဒီနေရာအထိ ရောက်လာအောင် ပရိသတ်တွေက နှစ်ပေါင်းများစွာ အားပေးလာခဲ့ရတယ်။

အဲဒီတော့ ကျွန်တော့်ပရိသတ်ကို ဖျော်ဖြေဖို့ ကျွန်တော့်မှာ တာဝန် ရှိတယ်။နောက်ပြီး ကျွန်တော် ပိုက်ဆံတွေ ရှာရဦးမယ်။ပိုက်ဆံရှာပြီး ကျွန်တော့်အမေကို အိမ်ကောင်းကောင်းနဲ့ ထားချင်တယ်။

ကားကောင်းကောင်းနဲ့ ထားချင်တယ်။အဲဒါပြီးတော့မှ မိန်းမယူဖို့ကိစ္စတွေ ကျွန်တော်စဉ်းစား ဖြစ်မယ် ထင်ပါတယ်။ပြီးတော့ ကျွန်တော်တို့လိုပဲ ကြိုးစားနေတဲ့ကျွန်တော်ကိုယ်တိုင်လို ကြိုးစားခဲ့ရတဲ့လူငယ်တွေ အများကြီးတွေ့ပါတယ်။

အဲဒီလို လူငယ်တွေနဲ့ အများကြီးကျွန်တော် သီချင်းတွဲလုပ်သွားဖို့ ရှိပါတယ်။သူတို့ ဘက်က ဆန္ဒရှိရင်လည်း ကျွန်တော် လက်တွဲ လုပ်သွားမှာပါ” လို့ရွှေထူးက ပြောပါတယ်။

Author ခတ္တာဖြူ